ထီးလင်း ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၌ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ထီးလင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဒေါ်တင်သူဇာအောင် ဦးဆောင်ကြီးကြပ်လျက် ဆေးထိုးအဖွဲ့များက ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေး မထိုးမီ တစ်ဦးချင်း သွေးပေါင်ချိန်ခြင်းနှင့်လိုအပ်သည့်အချက်များ စစ်ဆေးခြင်း တို့ကို ဆောင်ရွက်ကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်း(၁၇၀)ဦး တို့အား အိန္ဒိယနိုင်ငံထုတ် COVISHIELD (COVID-19)ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံ ပေးသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တ(၄)ပတ်ခြား၍ နှစ်ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ နေထိုင်သွားကြရန် လိုအပ်ကြောင်းနှင့် အဆိုပါကာကွယ်ဆေး တစ်လုံးကို လူ( ၁၀ ) ဦး ထိုးနှံပေးနိုင်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)