ပိုင်ကျုံ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာ နှင့်ရွာကိုင်းကောင်းကျေးရွာတွင် လူမှုဝန်ထမ်းဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား (အောက်တိုဘာ၊ နို၀င်ဘာ၊ ဒီဇင်ဘာ) ပထမ(၃)လပတ်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့က နံနက်ပိုင်းတွင် တာ၀န်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးထွန်းရန်အောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းရန်နောင်နှင့် တာဝန်ရှိသူများက နောင်ဘိုကြီး ကျေးရွာနှင့်ရွာကိုင်းကောင်းတို့မှ ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များတို့မှ အောက်တိုဘာလ အတွက်(၉)ဦး၊ အောက်တိုဘာနှင့်နို၀င်ဘာလ အတွက် (၁၅)ဦးနှင့် အောက်တိုဘာ၊ နို၀င်ဘာ၊ ဒီဇင်ဘာလ အတွက်(၂၆၇)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၂၆၀၀၀၀၀)ကျပ်ကို အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)