ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာအနီးရှိ နတ်တောင်ပေါ်သို့ လာရောက်သူများပြား

ခါမ်းပါတ် ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာအနီးရှိ နတ်တောင်ထိပ်သို့ လာရောက် အပန်းဖြေ လည်ပတ်သူများ များပြားလာကြောင်းသိရသည်။

အဆိုပါခရီးစဉ်တွင် ထူးခြားဆန်းကြယ်မှုများ မရှိသော်လည်း အိမ်တွင်းအောင်းနေထိုင်ရသည့် မွန်းကြပ်မှုများကို ရှောင်ရှားလိုခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေခြင်း စိတ်အပန်းပြေစေခြင်း တို့ကြောင့် မိသားစုလိုက်ဖြစ်စေ မိတ်ဆွေသူငယ်ချင်းများစု၍ဖြစ်စေ တစ်ဆင့်စကား တစ်ဆင့်ကြားဖြင့် လာရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

တောင်ထိပ်တက်ရာလမ်းတစ်လျှောက်တွင် သစ်ပင်တောတန်းတို့၏ သဘာဝအလှကို ခံစားနိုင်ပြီး တောင်ထိပ် သို့ရောက်ပါက မြေပြန့်၏ ရှုခင်းအလှကို အပေါ်စီးမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါ တောင်ထိပ်သို့ တက်ရောက်မည်ဆိုပါက ကမ္မကြီးကျေးရွာမှတဆင့် မြေနီတော လမ်းအတိုင်း နာရီဝက် ခန့် တက်ရပြီး တောင်ထိပ်တက်ရာ လမ်းတစ်လျှောက်တွင် အပြောအဆို ဆင်ခြင်သင့်ကြောင်းလည်း ဒေသခံ ပြည်သူများထံမှ သိရသည်။

သားငယ်(ပြန်/ဆက်)