ဖားဆောင်း ဇန်နဝါရီ ၂၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ (၂)ရွာ အား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာ(၉)ရွာအား သုံးသပ်ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်က စီမံကိန်းဆောင်ရွက်မည့်ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ် ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း(၃၀၀)အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နိုင်ငံတော်ရန်ပုံငွေမှ မတည်ပေးမည် ဖြစ်ကြောင်း၊ ယင်းမတည်သော အရင်းမပျောက် လည်ပတ် ရန်ပုံငွေအား သက်သာသော နှုန်းထားဖြင့် ထုတ်ချေး၍ ရန်ပုံငွေ တိုးပွားစေကာ ရေရှည်လည်ပတ်စေမည့် နည်းလမ်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ သည်။
ထို့နောက် ဖားဆောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းစိုးက မြစိမ်းရောင် စီမံကိန်းဝင် ကျေးရွာများအား သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်၊ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် နည်းလမ်း များအား ရှင်းလင်းခြင်း၊ စီမံကိန်းအကြံပြုချက်၊ အားသာချက်၊ အားနည်းချက်များအား Powre point ဖြင့် ရှင်းလင်း ခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်စာချုပ် ချုပ်ဆိုမည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၂)ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် စာချုပ် ချုပ်ဆိုခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်ပေးကြသော ကျေးရွာ (၉)ရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း၊ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျေးရွာကော်မတီများမှ မြစိမ်းရောင်စီမံကိန်းအပေါ် အကြံ ပြုချက် သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းကျော်စိုး(ဖားဆောင်း)