ပွင့်ဖြူ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာ နိုင်ရေးအတွက် ကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားတစ်စင်း အကောင် အထည်ဖော် တည်ဆောက်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာတွင် ရွာလယ်၌ ချောင်းရှိနေသည့်အတွက် ကျေးရွာ၏အရှေ့ပိုင်းရှိ အိမ်ထောင်စု ၂၅၀ ခန့်မှ နှစ်စဉ် မိုးတွင်းကာလများတွင် သွားလာရေးအခက်အခဲများ ကြုံတွေ့နေရပြီး ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် ဒေသထွက်ကုန်စည် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် ကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရေး ကျေးရွာနေ ပြည်သူများမှ တင်ပြတောင်းခံလာသဖြင့် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၉ သန်းဖြင့် မြောင်းမကြီး အရှည်ပေ ၇၅ ပေ အား အကျယ် ၁၄ ပေ ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင် တည်ဆောက်ပေးခဲ့ရာ ယနေ့တွင် တံတားတည်ဆောက်ပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ၊ အဆိုပါ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အပြီး တည်ဆောက် သွားမည်ဖြစ်ရာ လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ အနီးကပ် ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ယင်း သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ကျောင်းကုန်းကြီးကျေးရွာ အရှေ့ပိုင်းရှိ အိမ်ထောင်စု ၂၅၀ ခန့်အတွက် မြို့ပြနှင့် ကျေးလက် ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်း သွားလာနိုင်မည့်အပြင် ကျေးရွာနေ ပြည်သူများ အဓိက စီးပွားဖြစ် လုပ်ကိုင်နေသည့်စိုက်ပျိုးရေးလုပ်ငန်းနှင့် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန် များကို ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချ သွားနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)