ကသာမြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရှာဖွေ ကယ်ဆယ်နိုင်ရေး လေ့ကျင့်ဆောင်ရွက်

ကသာ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန်အတွက် လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငလျင်ဘေး၊ မီးဘေး၊ သဘာဝဘေးနှင့် အဆောက်အဦ ပြိုကျ ပျက်စီးရာတွင် အပျက်အစီးများအား ဖယ်ရှားခြင်း၊ ပြည်သူများအား ရှာဖွေ ကယ်ဆယ်ခြင်း၊ မီးငြှိမ်းသတ်ရေး လေ့ကျင့်ခြင်း၊  မီးသတ်ယာဉ်စက်များကို တပ်ဖွဲ့ဝင်များ ကျွမ်းကျင်စွာ အသုံးပြု နိုင်စေရန် လေ့ကျင့်ခြင်း စသည့် မီးသတ်ဦးစီးဌာန၏ လုပ်ငန်းစဉ်များကို အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် ကသာမြို့ရှိ မီးသတ်ဦးစီးဌာနအနေဖြင့် ပုံမှန် ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်း များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

ရဲအောင်(ကသာ)