လပွတ္တာမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း(၄၂၇)ဦးအား (ပထမ)အသုတ်၊ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းစတင် ဆောင်ရွက်

လပွတ္တာ  ဇန်နဝါရီ  ၂၉

ဧရာတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်း(၄၂၇)ဦးအား ကုတင်(၂၀၀) ပြည်သူ့ဆေးရုံ အစည်းအဝေးခန်မတွင် ယမန်နေ့ နံနက် ၉ နာရီမှစ၍ (ပထမ)သုတ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းအား စတင်ဆောင်ရွက် လျက်ရှိကြောင်း လပွတ္တာခရိုင် ကုတင်(၂၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ အိသန္တာထွေးထံမှ သိရသည်။

လပွတ္တာမြို့နယ်အတွင်း ကုတင်(၂၀၀)ဆံ့ ဆေးရုံ(တစ်)ရုံ၊ တိုက်နယ်ဆေးရုံ(၄)ရုံ၊ ကျေးလက် ကျန်းမာရေးဌာန(၁၇)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၈၄)ခု စသည်တို့တွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းပေါင်း (၄၂၇)ဦးရှိရာ ၎င်းတို့ကို ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ တစ်နေရာတည်းတွင် (၄)ရက်တာအတွင်း ပြီးစီးအောင် ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ နောက်ထပ် ရက်သတ္တပတ်(၄)ပတ် (၂၈)ရက်တွင် (ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဘေးကင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ် ဆေးဆိုင်ရာ အကြောင်းအရာများ၊ ကာကွယ်ဆေး သိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ ဆေးထိုးစုရပ်များ စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေး မထိုးသင့်သူများနှင့် ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ ပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း နှင့်ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်း စသည့်အချက်များကို တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနက အွန်လိုင်းမှတစ်ဆင့် သင်တန်းပို့ချပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဝင်းကျော်မြင့် (ခရိုင်ပြန်/ဆက်)