ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် (ကြီးကြပ်ရေးမှူးများ) စတင်ရွေးချယ်

ဝေါ ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ အုပ်ချုပ်ရေးမှူး များ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ခြင်းကို ဌာနဆိုင်ရာ (အကူအညီ ပေးရေးအဖွဲ့များ) သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တာဝန်ပေးအပ်ချက် အရ အုပ်စု(၈)စု ဖွဲ့၍ ရပ်ကွက်(၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၈)အုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်နေကြ ကြောင်း သိရသည်။

ကြီးကြပ်ရေးမှူးများ ရွေးချယ်ရာတွင် မိမိဒေသတွင် အနည်းဆုံး(၅)နှစ် တစ်ဆက်တည်း နေထိုင်သူ၊ ရပ်ကွက်/ကျေးရွာအတွင်း ကြည်ညိုလေးစားခြင်းခံရ၍ ဩဇာတိက္ကမရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ မိမိကိုယ်တိုင် ကြီးကြပ်ရေးမှူးဖြစ်ရန် ဆန္ဒရှိသူများကို ဒေသခံများက အဆိုပြုကြပြီး အဆိုပြုခံရသူ(၅)ဦး ထက်ကျော်လွန်ပါက ဆန္ဒမဲစနစ်ဖြင့် ရွေးချယ်ကြောင်း သိရသည်။

ရွေးချယ်ပြီးသည့် ကြီးကြပ်ရေးမှူးများထဲမှ မိမိတို့သဘောဆန္ဒအလျောက် အဖွဲ့ခေါင်းဆောင် အဖြစ် ပြန်လည်ရွေးချယ်ရသည်။ အားလုံးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူလိုနေပါက မိမိမှတစ်ပါး အခြား(၄)ဦး၏ အမည်ကို ဆန္ဒမဲဖြင့် ပြန်လည် ရွေးချယ်ကြသည်။ ရွေးချယ်ပြီး သည့် ကြီးကြပ်ရေးမှူးများအား မြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုခန့်အပ်ပြီး ရှေ့ဆက် ဆောင်ရွက် ရ မည့် လုပ်ငန်းစဉ်များကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပြီးသည်အထိ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ကြီးကြပ်ရေးမှူး ရွေးချယ်ခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် အပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းမာန် (ပြန်/ဆက်)