ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း

ရှမ်းရွာသစ် ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ် မြို့ပေါ်ရပ်ကွက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ရှမ်းရွာသစ်မြို့ ဌာနဆိုင်ရာ ပူးပေါင်းရေးအဖွဲ့မှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်မှ ရပ်ကွက် (သို့) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန် အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သတ်မှတ် စည်းကမ်းချက်နှင့်အညီ ရှမ်းရွာသစ်မြို့ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရက်ကွက်များမှ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးစီ ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့် အညီ သတ်မှတ်ကာလအတွင်း အပြီးရွေးချယ်ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များထံမှ သိရှိရသည်။

ဝေဠု (ပြန်/ဆက်)