ကော့သောင်း၊ ဇန်နဝါရီ ၂၈
ကော့သောင်းမြို့နယ်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တို့ ပူးပေါင်းကာ အလုပ်သမားအခွင့်အရေးရက်တို့သင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ငါးသုံး လုံးတောင်ကုန်းပညာရွှေစင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။
အဆိုပါသင်တန်းတွင် နယ်စပ်ဒေသများရှိတွင် ဖြစ်ပေါ်လေ့ရှိသည့် ရွေ့ပြောင်းအလုပ်သမားများ၏ အလုပ်အမျိုးအစားနှင့် ဝင်ငွေဆိုင်ရာကိစ္စရပ်များ၊ ရွေ့ပြောင်းအလုပ်သမားဆိုင်ရာဥပဒေနှင့်အကျိုးခံစားခွင့်များ၊ ရွေ့ပြောင်းအလုပ်သမားများ၏ အကျိုးခံစားခွင့်ဆိုင်ရာသိသင့်သည်များ၊ နယ်စပ်ဒေသများရှိ ရွေ့ပြောင်းအလုပ်သမား များအနေဖြင့် သတိပြုရမည့် သိသင့်သည်များ၊ ကျန်းမာရေး၊ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်ဆိုင်ရာသိကောင်းစရာများ၊ ရွေ့ပြောင်းအလုပ်သမား နယ်ပါယ်အတွင်ဖြစ်ပွားလေ့ရှိသည့် လူမှောင်ခိုနှင့် လူကုန်ကူးမှုပြသနာဆိုင်ရာများကို ကော့သောင်းမြို့နယ် ၊ လူကုန်ကူး မှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု နှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တို့မှ တာဝန်ရှိသူများက ပို့ချပေးခြင်းဖြစ်သည်။
အဆိုပါသင်တန်းကို ကော့သောင်းဒေသခံ အရပ်ဖက်လူ့အဖွဲ့အစည်းများဖြစ်သည့် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး အသင်း၊မြန်မာနိုင်ငံရင်ခွင်မဲ့ခလေးများစောင့်ရှောက်ရေး အသင်း၊ မြို့ပေါ်ပရဟိတအဖွဲ့များမှ သင်တန်းသား(၃၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကော့သောင်းမြို့နယ် ၊ လူကုကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု မှ လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပညာပေးခဲ့ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)