လိပ်သို ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊လိပ်သိုမြို့ သံတောင်ကလေးကျေးရွာတွင်(CDN-ZOA) နယ်သာလန် အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်း၏ ပံ့ပိုးမှုနှင့် (KMSS) ဂရုဏာတောင်ငူ လူမှုရေးအသင်း၏ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မှုဖြင့် ပတ်၀န်းကျင် သန့်ရှင်းမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းနှင့် တောထိုင်ဓလေ့ ကင်းစင်ကြောင်း ကြေငြာခြင်းကို ယမန်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ နည်းပြအရာရှိ ဆရာမ ဒေါ်စန်းစန်းမော်မှ ရေသန့်၊ အစာသန့်၊ လက်သန့် ၊ အိမ်သာသန့် ၊ တစ်ကိုယ်ရည်သန့်၊ ပတ်၀န်း ကျင်သန့်ရှင်းမှု နှင့် ဆက်နွယ်သည့် သန့် (၆) သန့် အကြောင်းအရာများ အား ဆွေးနွေးပိုချခဲ့ပြီး လက်ရှိ အသုံးချနေမှုများကိုလည်း ကျေးရွာကော်မတီအဖွဲ့ (၅) ဖွဲ့ခွဲ၍ ကျေးရွာအတွင်းရှိ အိမ်သာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ပံ့ပိုးပေးထားသည့် အသုံးအဆောင်ပစ္စည်းများ ဖြင့် အိမ်သာတည်ဆောက်ထားရှိမှုများ၊ အမှန်တကယ်အသုံးချမှု ရှိ / မရှိနှင့် သန့်ရှင်းသပ်ရပ် မှုများကို စစ်ဆေးပြီး ကော်မတီအဖွဲ့ (၅) ဖွဲ့မှ အသိအမှတ်ပြုပြီးနောက် တောထိုင်ဓလေ့ ကင်းစင်ကြောင်း ကြေငြာခြင်း အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းကို (CDN-ZOA) နယ်သာ လန်အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်းနှင့် (KMSS) ဂရုဏာတောင်ငူ လူမှုရေး အသင်းတို့မှ ပေးအပ်ခဲ့ပြီး တစ်ရွာလုံး တောထိုင်ဓလေ့ကင်းစင်သော ကျေးရွာအဖြစ် အသိ အမှတ်ပြု မှတ်တမ်းတင် ဆိုင်းဘုတ်ထူပြီး ဒေသခံပြည်သူများမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)