ဒီးမော့ဆိုမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံ

ဒီးမော့ဆို ဇန်နဝါရီ ၂၈

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ စုရပ်၌ ထိုးနှံခဲ့ကြောင်း သိရသည်။

 “ဒီနေ့မှာတော့ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေး အရင်ထိုးနှံပေးတာ ဖြစ်တယ်၊ မနက်ဖြန် ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ ပြည်သူ့ဆေးရုံနဲ့ တိုက်နယ်ဆေးရုံ မှာရှိတဲ့ ကုသရေးအပိုင်းက ကျန်းမာရေးဝန်ထမ်းတွေ၊ တိုင်းရင်းဆေးဦးစီးဌာနက ဝန်ထမ်းတွေ၊ အားကစား နှင့်ကာယပညာဦးစီးဌာနက ဝန်ထမ်း တွေကို ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပါတယ်၊ လူဦးရေအနေနဲ့ ၂၇၀ ဦးကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စိုးမင်းထွေးက ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် အိန္ဒိယနိုင်ငံမှ လှူဒါန်းထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIEND) အလုံးရေ ၂၇ လုံးရရှိပြီး ပထမအကြိမ် ထိုးနှံသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ညွှန်ကြားချက်နှင့် အညီ ဦးစားပေးအုပ်စုများအား စတင်ထိုးနှံခြင်းဖြစ် ကာ ကာကွယ်ဆေးထပ်မံရရှိပါက သတ်မှတ်ချက်အတိုင်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)