ပေါက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ပေါက် ဇန်နဝါရီ  ၂၈

မ​ကွေးတိုင်း​ဒေသကြီး၊ ပခုက္ကူခရိုင်၊​ ပေါက်မြို့နယ်အတွင်းရှိ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက စတင်၍ ပေါက်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံထုတ် COVISHIELD/Astrazeneca ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂၀၄)ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ တိုင်းရင်း ဆေးဝန်ထမ်း(၁၂)ဦး၊ စုစုပေါင်း(၂၁၉)ဦးအား ယနေ့နံနက်ပိုင်းမှစတင်၍ ပထမအကြိမ် ထိုး‌နှံပေးခဲ့ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူများကို ရက်သတ္တပတ် (၄) ပတ်ခြား၍ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အသက်၁၈ နှစ် အောက်ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက်နေသော မိခင်များ၊ အခြားသော ကာကွယ်ဆေးများနှင့်ဓာတ်မတည့်သူများ၊ ကိုဗစ်-၁၉ရောဂါလက်ရှိ ခံစား နေရသူများ၊ ကိုဗစ်-၁၉ရောဂါဖြစ်ပြီး သွေးရည်ကြည်ကုထုံးဖြင့် ကုသထားသူများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးကုသထားသူများ နှင့် ကိုယ်ခံအား ကျနေသူများ မထိုးနှံရကြောင်း ပေါက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ကျန်းမာရေးမှူး (ကူးစက်) ဒေါ်စန္ဒဝင်း ထံမှ သိရသည်။

ဉာဏ်တိုး​(ပေါက်)