မအူပင် ဇန်နဝါရီ ၂၈
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မအူပင်မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ဝန်ထမ်းများအား (ကိုဗစ်-၁၉) COVISHIELD ကာကွယ်ဆေး စတင်ထိုးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လယ်ပိုင်းက ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာခင်မာစိုးနှင့် တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
COVISHIELD ကာကွယ်ဆေးထိုးပြီးနောက် လူ(၁၀)ဦးတွင် (၁)ဦးခန့်သာ ခံစားရနိုင်ခြေရှိသည့် သာမန် လက္ခဏာများမှာ ဆေးထိုးသည့်နေရာတွင် အကျိတ်ငယ်ဖြစ်ခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်း၊ ချမ်းတုန်ခြင်း ဖြစ်တတ်ပြီး လူ(၁၀၀)ဦးမှ (၁)ဦးခန့်သာ ခံစားရနိုင်ခြေရှိသည့် သာမန် လက္ခဏာများမှာ မူးဝေခြင်း၊ ယားယံခြင်း၊ ချွေးထွက်လွန်ခြင်း၊ အစာစားချင်စိတ် လျော့နည်းပြီး ဗိုက်အောင့်ခြင်းတို့ ဖြစ်နိုင်သဖြင့် ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ/မရှိ သေချာစေရန် ဆေးထိုး ပြီးပါက နေရာတွင် (၃၀)မီးနစ်ခန့် စောင့်ဆိုင်းရန် လိုအပ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာ ခင်မာစိုးထံက သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)