မြောင်းမြမြို့နယ်၌ လူငယ်ရေးရာကော်မတီမှ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မြောင်းမြ        ဇန်နဝါရီ        ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လူငယ်ရေးရာ ကော်မတီက ကျင်းပသော မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒပါ အဓိကအကောင်အထည်ဖော် ဆောင်ရွက်ရမည့် အခန်းကဏ္ဍကြီး(၁၆)ရပ်မှ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးမိုးက မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒပါ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ အချက်အလက်များနှင့် မဟာဗျူဟာလမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယ ဦးစီးမှူး ဦးသုအောင်၊ စာရေးဆရာအသင်းမှ ဦးညီဌေး၊ ပန်းချီအနုပညာပိုင်းဆိုင်ရာ ဦးဟိန်းအောင်အောင်နှင့် တက်ရောက်လာကြသူများမှလည်း စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု ကဏ္ဍအသီးသီးအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးမိုးက ကဏ္ဍအသီးသီးအလိုက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခင်ရူပါအေး(မြောင်းမြ)