ကျုံပျော် ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်ခြင်း လုပ်ငန်းကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများ အလိုက် အသီးသီးဆောင်ရွက်လျှက်ရှိရာ၊ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁နာရီက တောကြီးအုပ်စုအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ်ခြင်းကို တောကြီးကုန်းစုကျေးရွာရှိ အသင်းတော်ခန်းမ၌ပြုလုပ်ခဲ့သည်။
ထိုသို့ရွေးချယ်ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းစဉ်အရပ်ရပ်ကို ရှင်းလင်းပြောကြားပြီး ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦးကို သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် ရပ်ကွက် (၈) ခု၊ ကျေးရွာအုပ်စု (၈၉) အုပ်စုရှိပြီး၊ စုစုပေါင်း (၉၇) နေရာတွင် အုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကို ရွေးချယ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင် စုစုပေါင်းဝန်ထမ်း(၇၀)ဦးက ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)