ပုလော ဇန်နဝါရီလ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပုလောမြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးလမင်းချစ်ကို က ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များရရှိစေရန်နှင့် မိသားစု၀င်ငွေ တိုးပွား၍ ဆင်းရဲမှုလျော့ချ နိုင်ရန်၊ တစ်နိုင် တစ်ပိုင် စိုက်ပျိုး၊ မွေးမြူးရေး လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံမှုနှင့် အာဟာရဓာတ် ပြည့်ဝ စေရန်၊ ကျေးရွာရဲ့ လည်ပတ် ရံပုံငွေ ဖြစ်သောကြောင့် အတိုးရငွေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးလက်နေပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိလာစေရန် နှင့် ကျေးရွာနေ ပြည်သူများ၏ စွမ်းဆောင်ရည်မြှင့်မားလာပြီး မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကျေးရွာများသို့ မြစိမ်းရောင် ရံပုံငွေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထုတ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ပုလောမြို့နယ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင် အကောင်အထည် ဖော်ဆောင် ရွက်ပေးခဲ့ကြောင်း၊ မြစိမ်းရောင်အရင်းမပျောက် လည်ပတ် ရံပုံငွေများကို ထုတ်ပေးခြင်းဖြစ်ပြီး၊ ကျေးရွာ တစ်ရွာလျှင် (တစ်ယူနစ်)အတွက် ငွေကျပ် သိန်း (၃၀၀) စီဖြင့် (၁၇ ယူနစ်)အတွက် ကျေးရွာ (၁၈) ရွာကို ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်းပြုလုပ်ခဲ့ရာ ပထမဆုကို တန်းရှင်း ကျေးရွာ၊ ဒုတိယဆုကို ဒူးရင်းပင်ရှောင်နှင့် ဂျင်းနီကျေးရွာ၊ တတိယဆုကို ဆင်ထိုးကြီး ကျေးရွာတို့က ရရှိခဲ့ပြီး၊ ဆုရရှိသော ကျေးရွာများကို တာ၀န်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်ဆက်)