ဟားခါး ဇန်နဝါရီ ၂၈
ဟားခါးမြို့တွင် ယာဉ်စီးနင်းသူပိုမိုများပြားလာပြီး ယာဉ်တိုက်မှု လျော့နည်းပပျောက် စေရေးနှင့် ယာဉ်ရပ်နားနေရာများ၊ ယာဉ်ရပ်နား၍ မရသည့်နေရာများကို အများပြည်သူပိုမို သိရှိလိုက်နာ နိုင်စေရေးအတွက် ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် ပလက်ဖောင်းများ အသစ်ပြန်လည် ဆေးသုတ်ခြင်းကို ယနေ့က ဟားခါးမြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ပလက်ဖောင်းများ အသစ်ပြန်လည်ဆေးသုတ် ခြင်းကို ပလက်ဖောင်းအရှည် ၃မိုင်ကျော် ဆေးသုတ်သွားမည်ဖြစ်ကြောင်းနှင့် ဖြူနီပလက်ဖောင်းများကို ဆေးသုတ်ပြီးစီးကြောင်း၊ ဆက်လက်၍ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်ရှိ ဝါနက်ပလက်ဖောင်းများ အသစ်ပြန်လည် ဆေးသုတ်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း ဟားခါးမြို့နယ် လမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ(AE) ဦးဇာအုပ်ထန်းထံမှ သိရှိရသည်။
ဟားခါးမြို့ပေါ်တွင် ယာဉ်စီးနင်းသူ လူဦးရေပိုမိုများပြားလာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြည်သူများပိုမိုသိရှိစေရေးနှင့် လမ်းအမှတ်အသားများ ပိုမိုထင်ရှား စေရေးအတွက် အသစ်ပြန်လည် ဆေးသုတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)