မကွေးမြို့တွင် ဒေသခံပြည်သူများနှင့် လက်တွဲကူညီပရဟိတအဖွဲ့(We Love Magway) တို့ စုပေါင်း၍ ကိုဗစ်ကာကွယ်ဆေးဝယ်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ငွေကျပ်(၄၁၄)သိန်းကျော် လှူဒါန်း

မကွေး ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဒေသခံပြည်သူများနှင့် လက်တွဲကူညီပရဟိတအဖွဲ့(We Love Magway)တို့ စုပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူတော်ငွေကျပ် သိန်းပေါင်း(၄၁၄) သိန်းကျော်ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မကွေးမြို့ မဟာဝိသုတာ ရာမ ကျောင်းတိုက်၌  လှူဒါန်းရေစက်ချ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့ပေါ်ရှိ စေတနာရှင် အလှူရှင်တွေနဲ့ (We Love Magway) လက်တွဲကူညီ ပရဟိတ အဖွဲ့တို့က ဦးဆောင်ပြုလုပ်ခဲ့တာပါ၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့အစည်းတွေ က တိုက်တွန်း လို့ လှူဒါန်းတာမျိုးမဟုတ်ဘဲ ဆရာတော်၊ သံဃာတော်များနဲ့ ပြည်သူလူထုက မိမိတို့ အသိ စိတ်ဓါတ်နှင့် ပူးပေါင်းပါဝင်ကာ လှူဒါန်းခဲ့တာဖြစ်ပါတယ်၊ စေတနာရှင် အလှူရှင်အပေါင်းမှ လှူဒါန်းမှု အစုစုတို့ အတွက် အစဉ်သတိရပြီး ကုသိုလ်တရားပွါးများနိုင်စေဖို့ မဟာဝိသုတာရာမကျောင်းတိုက်၊ ဘဒ္ဒန္တသာသန (မြို့နယ်သံဃနာယက ဥက္ကဌ)ထံမှောက်မှာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ လှူဒါန်းခဲ့တာပါ၊ လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်လို့ WE LOVE MAGWAY အဖွဲ့ ဥက္ကဌ ဦးသိန်းဇော် ပြောသည်။

မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူတော်ငွေကျပ် သိန်းပေါင်း(၄၈၀)ကျော်ကို ဇန်နဝါရီလ ၂၀ ရက်နေ့က ပထမအကြိမ်အဖြစ် စုပေါင်းလှူဒါန်းခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် ငွေကျပ်သိန်း(၄၁၄)သိန်းကျော်အား လှူဒါန်းဖြင်းဖြစ်ကြောင်းနှင့်(We Love Magway)လက်တွဲကူညီပရဟိတအသင်းနှင့် မကွေးတိုင်းဒေသကြီး ဒေသခံပြည်သူများ စုပေါင်း၍ အကူအညီ လိုအပ်လျှက်ရှိသော ဆေးဝါးမကုသနိုင်သည့် လူနာများ၊ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ ကလေးများ၊ ရေဘေးသင့်၊ မီးဘေးသင့်ပြည်သူများကို ဆက်လက်လှူဒါန်းမှုများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)