ကန့်ဘလူ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ စုရပ်တွင် မြို့နယ်အတွင်းရှိ ကုသရေးဝန်ထမ်း ၁၈၄ ဦး၊ ပြည်သူ့ကျန်းမာဝန်ထမ်း ၁၅ဦး၊ တိုင်းရင်းဆေးဝန်ထမ်း ၁၃ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနဝန်ထမ်း ၇ ဦးတို့ကို ဇန်နဝါရီ ၂၇ ရက်မွန်းလွဲ ၂ နာရီက စတင်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
“ဒီကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ် ဆေးဆိုင်ရာ အကြောင်းအရာများ၊ ကာကွယ်ဆေးသိုလှောင်ခြင်း၊ ဖြန့်ဝေခြင်း၊ စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်း၊ ဆေးထိုးစုရပ် စနစ်တကျစီစဥ်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြည့် စစ်ဆေးခြင်း စတဲ့လုပ်ငန်းတွေကို အွန်လိုင်းမှတစ်ဆင့်သင်တန်းပို့ချပေးခဲ့ပြီးဖြစ်သလို အခုဆေးထိုး ပြီးသည်အထိ တစ်စုံတစ်ရာပြဿနာမရှိပါဘူး ” ဟု ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်ရီရီဝင်းကပြောကြားသည်။
အဆိုပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း ၃၅၄ဦးတို့ကို မြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံတစ်နေရာတည်းတွင် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်တာအတွင်းအပြီးထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း မြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)