ကြို့ပင်ကောက် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ပေါ်ရပ်ကွက်များ နွေရာသီရေရှား ပါမှု မဖြစ်စေရေးနှင့် မြို့ပေါ်ရေကန်များ အတွင်း ဆည်ရေရောက်ရှိစေရေးတို့အတွက် ရေသွယ် မြောင်းများ ဖောက်လုပ်နေမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု စစ်ဆေး ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့အရှေ့ဘက် ဘော်ဘင်ဆည်မှရေအား ကျောင်းကုန်းကျေးရွာ အရှေ့ထိပ်ဆည်မြောင်းရေ တံခါးမှ တစ်ဆင့် မြို့ပေါ်ရပ်ကွက်များရှိ ရေကန်များအတွင်းသို့ ရေသွယ်မြောင်းများဖြင့် သွယ်ယူခြင်းကို နှစ်စဉ်ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် ဆည်ရေများ ဆောင်သီးနှံ မတ်ပဲခင်းများ အတွင်းသို့ မဝင်ရောက်စေရေးနှင့် မြို့ပေါ်ရေကန်များအတွင်းသို့ သွယ်ယူသော ရေသွယ် မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသီဟဇော် ဦးဆောင်သော မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဘော်ဘင်ဆည်မှ ရေသည် ပန်းတင်ရပ်ကွက်အတွင်းရှိ ရေသွယ်မြောင်းများသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ ရေကန်နှင့် ကန်ညီနောင်ရေကန်တို့အတွင်းသို့ တစ်ရက် နှစ်ရက် အတွင်း ရောက်ရှိတော့မည်ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)