ရေနံချောင်းမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံ

ရေနံချောင်း ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက် ၁၂ နာရီက ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်း ၂၃၀ ဦး၊ တိုင်းရင်းဆေးဝန်ထမ်း ၁၈ ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်း ၅ ဦး ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများ အား နာရီဝက်စောင့်ဆိုင်းစေကာ ထူးခြားမှုတစ်ခုခုဖြစ်ပေါ်လာပါက မြို့နယ်ပြည်သူ့ဆေးရုံသို့ ချက်ခြင်းသတင်း ပို့ရန်နှင့် ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်စသည့် ကာကွယ်ဆေးထိုးနှံမရသူများလည်းပါရှိကြောင်း သိရသည်။

ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများသည် နောက်ထပ် ၂၈ ရက်အကြာတွင် ဒုတိယ အကြိမ်ထပ်မံထိုးနှံရမည်ကြောင်း သိရသည်။

စိုးသူအောင်