ပုလဲ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၉နာရီ က မြို့နယ် အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဆရာဝန်ကြီး ဒေါက်တာထွန်းမင်းခန့်က “နိုင်ငံတော်အစိုးရ ရဲ့စီမံပေးမှု ကြောင့် မြို့နယ်အတွင်းရှိကျန်းမာရေး ဝန်ထမ်း ၁၇၉ ဦးတို့အား ပထမကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး နှံပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများကို ရတ်သတ္တပတ်(၄)ပတ်ခြား၍ ဒုတိယအကြိမ် ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ဝန်ထမ်းများအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ(လုံး၀) မသွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြရန်၊ လိုအပ်၍ အပြင်ထွက်ပါက လူစုလူဝေးရှိတဲ့ နေရာများသို့ သွားသည့် အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ကြရန်၊ လက်မှာ ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍အနည်းဆုံး စက္ကန့် ( ၂၀ ) ကြာအောင် ဆေးကြောကြရန်စတဲ့ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဖို့ကိုလည်း မှာကြားထားပါတယ် ” ဟု ပြောကြားခဲ့ သည်။
အဆိုပါ ပုလဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာ ထွန်းမင်းခန့်နှင့်ဌာန တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်း ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)