လွိုင်ကော်မြို့တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

လွိုင်ကော် ဇန်နဝါရီ ၂၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရ သက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများ အား အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက် များ ချပြရှင်းလင်း ဆွေးနွေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ယနေ့ခေတ်သည် ဒီမိုက ရေစီ ခေတ်ဖြစ်သည်နှင့်အညီ ပြည်သူများ ရွေးချယ်တင်မြောက်သော အစိုးရဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် သတ်မှတ်အရည် အချင်းများနှင့် ပြည့်စုံသည့် အမျိုးသမီးများကိုလည်း ရွေးချယ်နိုင်ကြောင်း ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် လည်း မိမိရပ်ရွာအတွင်းမှာရှိသည့် ပြည်သူများ က ရွေးချယ်ရမည်ဖြစ်သဖြင့် မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများကို ဦးစားပေးစဉ်းစားရွေးချယ်ကြရန်လိုကြောင်း၊ ပြီးစလွယ် ရွေးချယ်ခြင်းမျိုး မဟုတ်ဘဲ ပြည်သူအားလုံး ပါဝင်ပြီး ကိုယ့် ရပ်ရွာအတွက် အမှန်တကယ် ဆောင်ရွက်ပေး နိုင်မည့်သူများ ကိုသာ ရွေးချယ်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း၊ လွိုင်ကော်မြို့နယ်၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသန်းကုဋေနှင့် အကူအညီပေးရေးအဖွဲ့ တို့က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေပါ အမည် နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု များဖွဲ့စည်းရေး၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ တွင် ပြည့်စုံရမည့် အချင်းများ၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ခန့်အပ် တာဝန်ပေးခြင်း စသည့် ပြဋ္ဌာန်းချက်များ၊ နည်းဥပဒေပါ ကြီးကြပ် ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များ စသည်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသူ များက သိရှိလိုသည်များကို ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)