ညောင်တုန်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး

ညောင်တုန်း      ဇန်နဝါရီ            ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်ကာကွယ်ဆေး ပထမဦးဆုံး စတင်ထိုးနှံခြင်းအစီအစဉ်ဖြင့်  ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ အမှတ် (၃) ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ  စိုးလှိုင်ဦးမှ ဦးဆောင်၍ အဖွဲ့ဝင် (၃) ဦးတို့က ညောင်တုန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၁၄၈) ဦးတို့အား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေးများကို တစ်ဦးချင်းစီ ထိုးနှံပေးခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးဝန်ထမ်း (၂၄၀) ဦးရှိရာ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းအထိ (၁၄၈) ဦးအား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသော ကျန်းမာရေးဝန်ထမ်း (၉၂) ဦးတို့ကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ 

ဝဠာနိုင် (ညောင်တုန်း)