အမာမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းများ ဆောင်ရွက်

အမာ  ဇန်နဝါရီ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပေးရှင်းလင်းခြင်းနှင့် ကြီးကြပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းများကို ရပ်ကွက်များအလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမာမြို့တွင် ရပ်ကွက်(၄)ခုရှိပြီး အမှတ်(၄)နှင့် အမှတ်(၃)ရပ်ကွက် တို့၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လည်းကောင်း၊ အမှတ်(၂)နှင့် အမှတ်(၁)ရပ်ကွက်တို့၌ ဇန်နဝါရီလ ၂၇ ရက်နေ့တွင်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

သို့ဖြစ်ရာ မြို့ကြီးကြပ်ရေးမှူးရွေးချယ်ရေး အဖွဲ့ခေါင်းဆောင် အမာမြို့၊ တိုက်နယ်ဆရာဝန် ဒေါက်တာဆွေဇင်လှိုင်နှင့် ဆက်သွယ်ရေးတာဝန်ခံ ဦးလွမ်းဇော်မိုးသူ၊ အခြားဌာနဆိုင်ရာ တာဝန်ရှိသူတို့က ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် အညီ တက်ရောက်လာသည့် အိမ်ထောင်စု ကိုယ်စားလှယ်များထံသို့ ရှင်းလင်းဆွေးနွေးခြင်း ရပ်ကွက် ကြီးကြပ်ရေးမှူးများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးချယ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် အိမ်ထောင်စု ကိုယ်စားလှယ်များမှ မရှင်းလင်းသည့် အချက်များကို ပြန်လည် မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည် ဖြေကြား ရှင်းလင်းခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အလိုက် အိမ်ထောင်စု ကိုယ်စားလှယ်များမှ ရပ်ကွက် ကြီးကြပ်ရေးမှူးများကို တစ်ရပ်ကွက်လျှင် ၅ ဦးစီး ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

နော်လေး(အမာ)