ညောင်လေးပင် ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် မြို့သူမြို့သားများ ဘေးအန္တရာယ် ခပ်သိမ်းကင်းငြိမ်းစေရန် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ညောင်လေးပင်မြို့လုံး ဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် လူစုလူဝေးမဖြစ်စေရန်အတွက် မော်တော်ယာဉ်များဖြင့်သာ ယမန်နေ့ ညနေ ၅ နာရီအချိန်မှစ၍ အစဉ်အလာမပျက် (၉၄)ကြိမ်မြောက် ဒေသစာရီ လှည့်လည် ပူဇော်ခဲ့ကြောင်းသိရသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီပင့်ဆောင်ရာတွင် ယခင်နှစ်များက လမ်းရပ်ကွက်အသီးသီးမှ သာသနာ့အကျိုးတော် ဆောင်များ၊ ပရိတ်အသင်းအဖွဲ့များလိုက်ပါလျက်အန္တရာယ်ကင်းဗုဒ္ဓဒေသနာတော်လာ တရားတော်များအား ရွတ်ဆိုပူဇော် ခဲ့ကြ သော်လည်း ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးများဖြင့် ဆောင်ရွက်ရန် မသင့်သော ကြောင့် (၉၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဒေသစာရီလှည့်လည်ပူဇော်ပွဲအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မော်တော်ယာဉ်များဖြင့် ဘုရားများပင့်ဆောင်ကာ မဟာပဌာန်းနှင့် ပရိတ်ကြီးများ ဖွင့်၍ ဒေသစာရီလှည့်လည်ပူဇော်ကြသည်။
ယခင်နှစ်က ဒေသစာရီလှည့်လည်ပူဇော်ရာတွင် လမ်းရပ်ကွက်အသီးသီးသို့ လေးရက်တိုင်တိုင် လှည့်လည်ပူဇော်ခဲ့ကြ သော် လည်း ယခုနှစ်တွင် နှစ်ရက်သာ ဒေသစာရီလှည့်လည်ပူဇော်မည်ဖြစ်ပြီး ပထမနေ့တွင် ရန်ကုန်-မန္တလေးလမ်းမ မန္တလေးဘက် အထွက် မြို့ဝင်မုခ်ဦးရှေ့မှ မြို့အတွင်း ရပ်ကွက် လမ်းအသီးသီးသို့လည်းကောင်း၊ ဒုတိယနေ့တွင် ရွာသစ်စုရပ်မှ မြို့အတွင်း ရပ်ကွက် လမ်းအသီးသီးသို့ လည်းကောင်းဒေသစာရီ လှည့်လည်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)