လွိုင်ကော် ဇန်နဝါရီ ၂၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်နယ် ပြည်သူ့ဆေးရုံးကြီး၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကယားပြည်နယ်အတွက်ပေးပို့လာတဲ့ ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံးရေး (၂၂၂) လုံးကို ဒီကနေ့ နံနက် ၈ နာရီခွဲမှာ မြန်မာ့လေကြောင်းလိုင်းနဲ့ ရောက်ရှိလာပြီးတော့ ကယားပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရဲ့ တိုးချဲ့ကာကွယ်ဆေးထိုးခန်းမှာ အအေးလမ်းကြောင်းနှင့်အညီ စနစ်တကျ သိုလှောင် ထိန်းသိမ်းထားရှိပါတယ်၊ ဒီနေ့မှာတော့ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ဆရာဝန်များ၊ သူနာပြုဆရာမများနဲ့ ဝန်ထမ်းများကို ထိုးနှံပေးသွားမှာဖြစ်ပါတယ် ၊ ဇန်နဝါရီလ ၂၈ ရက် နဲ့ ၂၉ ရက်နေ့မှာတော့ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှာရှိတဲ့ တာဝန်ရှိသူများ၊ လွိုင်ကော်မြို့နယ်အတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းများအားလုံးကို ထိုးနှံပေး သွားမှာဖြစ်ပါတယ်၊ ကျန်ရှိနေတဲ့မြို့နယ်တွေကိုလည်း ကာကွယ်ဆေးများ ဖြန့်ဝေ နေပြီ ဖြစ်ပါတယ်”ဟု ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါက်တာဌေးလွင်က ပြောကြားခဲ့သည်။
အဆိုပါ ပြည်နယ် ပြည်သူ့ဆေးရုံကြီး၌ ကာကွယ်ဆေးများထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်း (၂၂၀)ဦးအားထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးရန်အတွက် စုရပ်(၂)ရပ်ခွဲထားကာ စုရပ်(၁)ရပ်တွင် လူဦးရေ(၁၁၀)ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)