လွိုင်ကော် ဇန်နဝါရီ ၂၇
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် ကယားပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေး (ဒုတိယနေ့) ၌ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်တွင် မယ်စဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ “ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၏ တိုးချဲ့ရပ်ကွက်တစ်ခုဖြစ်သော နမ့်ကွတ် ရပ်ကွက်ရှိ တောင်မြောက်လမ်းများ ဖြစ်သည့် အမှတ်(၄)လမ်းနှင့် အမှတ်(၅)လမ်းတို့အား မြေသားလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်း” မေးခွန်း၊ နှင့် “ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ နမ့်ကွတ်ရပ်ကွက် နှင့် ဒေါကလိုးခူကျေးရွာသို့ ဆက်သွယ်လျက်ရှိသော ရေမြောင်းအား ရေစီးရေလာ ကောင်းမွန်စေရေး ကျုးကျော်များ မဝင်ရောက် နိုင်ရေး ရေရှည်တည်တံ့ခိုင်မြဲစွာ ထိန်းသိမ်းသွား နိုင်ရေးတို့အတွက် မည်သို့စီမံဆောင်ရွက်သွား မည်ကို သိရှိလိုခြင်း” မေးခွန်းအား မေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး က ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ ထည့်သွင်းလျာထားပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်ပြီး မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး “ကယားပြည်နယ်တွင် နေထိုင်သော ဒေသခံ တိုင်းရင်းသူနှင့် နိုင်ငံခြားသားတို့ လက်ထပ် ထိမ်းမြားမှု ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ် ပေးခြင်း ကိစ္စရပ်များကို ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်း” မေးခွန်းတို့ကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက သက်ဆိုင်ရာ ဌာနများမှ ပြဌာန်း ထားသော ဥပဒေ ၊ ညွှန်ကြားချက်များအတိုင်း ရပ်ကွက်ကျေးရွာနေ ပြည်သူများ သိရှိစေရေးနှင့် အသိပညာပေး လုပ်ငန်း များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်က်၍ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက် ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည် စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်းတင်သွင်းထားခြင်း မရှိသည့်အတွက် ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်၏ အသေးစားငွေချေးလုပ်ငန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းခြင်းအပေါ် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ ၎င်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းတစ်ရပ်လုံးကို ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသော ကော်မတီများနှင့် အဖွဲ့တို့၏ သက်တမ်းကုန်ဆုံး ကြောင်း ကြေညာခြင်းနှင့် ကယားပြည်နယ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် ဘဏ္ဍာငွေ အရ ၊ အသုံးစာရင်း စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို ပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်း က ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့သည်။
ထို့နောက် ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး က ပြည်နယ်လွှတ်တော်သို့ နှုတ်ဆက်အမှာ စကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)