အိမ်မဲ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရေသိုးညောင်ဝိုင်းကျေးရွာတွင် ခွေးရူးရောဂါကာကွယ်ဆေးများကို ဇန်နဝါရီလ ၂၇ ရက်နေ့က အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာခွန်မင်းမောင်နှင့် ဝန်ထမ်းများက ရေသိုးညောင်ဝိုင်းကျေးရွာမှ အိမ်မွေးတိရစ္ဆာန်များ ဖြစ်ကြသော ခွေးများနှင့်ကြောင်များကို ကာကွယ်ဆေးများအိမ်တိုင်ရာရောက်လိုက်လံထိုးနှံပေးခဲ့ပြီး ခွေးရူးရောဂါ တားဆီးကာကွယ်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
"ခွေးရူးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသက်ဆုံးရှုံးစေနိုင်တဲ့ရောဂါပါ။ ခွေး၊ ကြောင်၊ မြွေပါ၊ ခွေးအနဲ့ မြေခွေးတို့မှာ ကူးစက်ဖြစ်ပွားလေ့ရှိပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့ ခွေးရဲ့ တံတွေးမှလည်း အများဆုံး ကူးစက်နိုင်ပြီး ခွေးရူးရောဂါကာကွယ်ဆေးကို ကြိုတင်ထိုးနှံခြင်းဖြင့်လည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ခွေးရူးရောဂါကာကွယ်ဆေးများကို ထိုးနှံနိုင်ရန်အတွက် ရေသိုးညောင်ဝိုင်းကျေးရွာမှာ ခွေးနဲ့ကြောင် စုစုပေါင်း အကောင်ရေ(၅၀)ကို အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးပြီး ခွေရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါက်တာခွန်မင်းမောင်က ပြောသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)