ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်း(၈၀၀၀)ဦးခန့်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ပဲခူး ဇန်နဝါရီ ၂၇

ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၈၀၀၀) ဦးခန့်ကို ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ ပြည်သူဆေးရုံကြီးတွင်လည်း ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ပဲခူးမြို့အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်နှင့် ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ သူဇာအောင်တို့ ကိုယ်တိုင်လာရောက် ထိုးနှံမှုခံယူကြပြီး ဆေးရုံကြီးအတွင်း ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်တွင် သက်ဆိုင် ရာ မြို့နယ်များရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၌ ကျန်းမာရေးဝန်ထမ်း (၈၀၀၀)ဦး ခန့်အား ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကနဦးထိုးနှံပေးမည်ဖြစ်ပြီး ဆက်လက်၍လည်း သတ်မှတ်ထားသည့် ဦးစားပေး အစီအစဉ်အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ပဲခူးမြို့တွင် ကာကွယ်ဆေးစုရပ်များ အနေဖြင့် အထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးရုံဝန်းအတွင်းရှိ သံဃာဆေးကုသဆောင်၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနရုံး၊ ပဲခူးမြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနနှင့် ဥဿာမြို့သစ်ရှိ ဒေသန္တရကျန်းမာရေးဌာနတို့တွင် ထားရှိကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

တိုင်းဒေသကြီး (ပြန်/ဆက်)