ဟင်္သာတ၌ ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

ဟင်္သာတ ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ အိမ်မွေးတိရစ္ဆာန်ခွေးများအား ယမန်နေ့ကခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့၏ အိမ်မွေး တိရစ္ဆာန်များကို ခွေးရူးရောဂါ ကာကွယ်ဆေးနှင့် အခြားသော ကာကွယ်ဆေးများ ထိုးနှံသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် အိမ်တိုင်ရာရောက် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမှုကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ၏ အိမ်မွေး တိရစ္ဆာန်ခွေးများကို  အခမဲ့ ထိုးနှံပေးခဲ့ပြီး ပထအကြိမ်တွင် အကောင်ရေ (၃၀၀)နှင့် ယခုထပ်မံထိုးနှံသည့် ဒုတိယအကြိမ်တွင် (၃၅)ကောင် စုစုပေါင်းခွေး အကောင်ရေ (၃၃၅)ကောင်ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန်းသန်းမူထံမှ သိရသည်။

ကျော်ကျော်(ပြန်/ဆက်)