ဘောလခဲမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဘောလခဲ ဇန်နဝါရီ ၂၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ အစည်းအဝေး ခန်းမဆောင် တွင် ကယားပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးရေးအဖွဲ့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်၌ ကျင်းပသည်။

အစီအစဉ်အရ ကယားပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဘောက်နန်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၏ မိတ်ဖွဲ့အစည်းများဖြစ်ကြသော အမျိုးသမီးရေးရာအသင်းနှင့် ကျန်းမာရေးဌာနများနှင့် ချိတ်ဆက်၍ အသိပညာပေးခြင်း၊ အခက်အခဲနှင့် ကြုံတွေ့နေရသော ကလေးမိခင်များအား အသင်းမှကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချိတ်ဆက်အကူအညီများ ရယူဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ တပ်စုမှူး ဒေါ်ယဉ်ယဉ်အေး က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခြင်း၊ ဘောလခဲခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးသိန်းတန်က အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ ဘောလခဲခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုဥက္ကဋ္ဌ ဒေါ်အေးအေးသန်းက ကိုယ်ဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ဆောင်ရွက်ရန် ပညာပေးပြောကြားဆွေးနွေးခြင်းနှင့် ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောမောရှည်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပညာပေးဟောပြော မှုနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ခြင်းများ ဆက်လက်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းရာ  တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြသည်။

ထို​နောက် ပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော မိခင်နှင့်ကလေး အသင်းဝင် များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် အသိပညာပေး ဟောပြောပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စည်မျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

လှရွှေ