လေးမျက်နှာ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူမှ အဖွင့်အမှာစကား ပြောကြားပြီး မြစိမ်းရောင် သုံးသပ်ဆွေးနွေးပွဲ နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြစိမ်းရောင် စီမံကိန်းကျေးရွာ ကော်မတီဝင်များက ရန်ပုံငွေထုတ်ချေးခြင်း၊ အတိုးရငွေများ စနစ်တကျ စာရင်းပြုစုခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ မြစိမ်းရောင် စီမံကိန်းစည်းကမ်းချက်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(၈)ယူနစ် မတည်ရန်ပုံငွေ ကျပ်သိန်း (၂၄၀၀)ကို ကျေးရွာပေါင်း(၈)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အတိုးရငွေကျပ်သန်း (၇၅.၆၁) ရရှိခဲ့ပြီး အတိုးရငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော အခြေခံအဆောက်အဦများနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေ တိုးပွားလာစေပြီး ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချနိုင်စေရန် ရည်ရွယ်၍ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူထံမှ သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)