ဟင်္သာတ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ယနေ့နံနက်ပိုင်းက ဟင်္သာတ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေ ပြီဖြစ်ကြောင်း သိရသည်။
စတင်ထိုးနှံခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၂၈ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာကုဌာနတွင် အခြေပြုထိုးနှံသွားမည်ဖြစ်ပြီး ယခုလ ၃၁ ရက်နေ့အထိ (၄)ရက်ခွဲကာ ထိုးနှံပေးရန် စီစဉ်ထားကြောင်း ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဌေးဌေးလှိုင်ထံက သိရသည်။
ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး များကို ထိုးနှံပေးရာတွင် ကုသရေးဦးစီးဌာနရှိ ပြည်သူ့ဆေးရုံကြီး အပါအဝင် တိုက်နယ်ဆေးရုံ များမှ ဝန်ထမ်းများ နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှုဦးစီးဌာနနှင့် တိုင်ရင်းဆေး ကုသရေးဦးစီး ဌာန တို့တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း (၇၄၄)ဦးကို ပထမအသုတ်အဖြစ် စတင်ထိုးနှံပေး မည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)