ဒိုက်ဦးမြို့နယ်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်မည့် ကျောင်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒိုက်ဦး ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်မည့် ကျောင်းများအတွက် မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ အနေဖြင့် သက်ဆိုင်ရာ တည်ဆောက်ရေးကုမ္ပဏီများ ကျောင်းအုပ်ကြီးများကျောင်း ဆောက် လုပ်ရေးကြီးကြပ်မှု ကော်မတီများ၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC) များနှင့် အခြေခံ ပညာကျောင်းများအရည် အသွေးပြည့်ဝစွာ အချိန်မီပြီးစီးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အ.ထ.က(၁)ဒိုက်ဦး (အောင်ရတနာ ခန်းမ)၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်၊ မြို့နယ် တည်ဆောက်ရေးကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌‌ရေးမှူး ဦးဟိန်းသူဝင်း၊ မြို့နယ်ပညာ ရေးမှူး ဒေါ်ခရီစဲလ်ဒါ၊ မြို့နယ်စည်ပင်သာယာ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဒေါ်ထားထား၊ ဆောက်လုပ်ရေးကုမ္ပဏီများ၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့များ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်က ကျောင်းများ တာဝန်ယူ ဆောက်လုပ်မည့် ကုမ္မဏီများအ‌‌နေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ‌‌ ဆောက်လုပ် ကြရန်၊ အရည်အ‌သွေးပြည့်မီရေးနှင့် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၌ အချိန်မီပြီးစီးရေး ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ဒိုက်ဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Covid ကာလအခြေအနေကြောင့် ဆောက်လုပ်ရန် ကျန်ရှိသော ကျောင်းပေါင်း (၂၄) ကျောင်းနှင့် ၂၀၂၀-၂၀၂၁ တွင် ဆောက်လုပ်ရန် (၈) ကျောင်းရှိပြီး စုစုပေါင်း (၃၂)ကျောင်းရှိကြောင်း သိရသည်။

ကျော်ကျော်(ဒိုက်ဦး)