ဘုတလင် ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း(၁၇၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံကြီးတွင် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင်ထံမှ သိရသည်။
ဘုတလင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ကုသရေးဦးစီးဌာနမှ (၇၂)ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၁၀၁)ဦး၊ တိုင်းရင်းဆေးပညာဦးစီး ဌာနမှ (၂)ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ (၃)ဦးတို့ကို စတင်ထိုးနှံပေးခဲ့သည်။
“ကိုဗစ်ကာကွယ်ဆေးက တစ်လုံးကို (၁၀)ဦးနှုန်း ထိုးပေးပါတယ်။ ဘုတလင်မြို့နယ်အနေနဲ့ ပထမ အကြိမ် ထိုးနှံပေးရမယ့် ကျန်းမာရေးဝန်ထမ်း(၁၈၈)ဦးအတွက် (၂၁)လုံး ရရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်း တွေထဲက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးမိခင်ဝန်ထမ်း(၁၀)ဦးကိုတော့ ကာကွယ်ဆေး မထိုးပေးရပါဘူး။ မထိုးရတဲ့ ဝန်ထမ်းတွေအတွက် ပိုတဲ့ ကာကွယ်ဆေးကိုလည်း ပြန်အပ်ခဲ့ပါတယ်”ဟု မြို့နယ်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာဖြိုးကျော်အောင်က ပြောသည်။
ဘုတလင်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မုံရွာ မြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဇန်နဝါရီလ(၂၇)ရက်၊ မနက်ပိုင်းက ထုတ်ယူခဲ့ပြီး မြို့နယ် အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအားလုံးကို အပြီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သီတာမိုး၊ နှင်းယုအေး