ထန်တလန် ဇန်နဝါရီ ၂၇
ထန်တလန်မြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိဝန်ထမ်းများ အားပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးမှု အခြေအနေကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဆွေမြင့် ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ထန်တလန်မြို့နယ်အတွင်းရှိ ကုတင်(၅၀) ဆံ့ ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ(၄)ခု၊ ကျေးလက်ကျန်းမာရေးဌာန (၁၁)ခု၊ကျေးလက်ကျန်းမာရေးဌာနခွဲ (၄၄)ခု၊မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန (၁) ခုတို့တွင် တာဝန်ထမ်းဆောင် နေသော ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်ကြွေးမိခင်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၀၈ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ့မည့် ကျန်းမာရေးဝန်ထမ်း ၁၈၄ ဦးတို့အား ကုတင်(၅၀) ဆံ့ ထန်တလန်မြို့နယ်ပြည်သူ့ဆေးရုံ တစ်နေရာတည်းတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ (၁) ရက်တာအတွင်း အပြီးစီးထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် ထန်တလန်မြို့နယ်အတွက် ထုတ်ပေးသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ သိုလှောင်ထားရှိမှု အခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်ဆွေမြင့်က လိုက်လံကြည့်ရှူပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)