ဘားအံမြို့နယ်တွင် Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အလိုက် လူဦးရေစာရင်းများ လိုက်လံကောက်ယူ

ဘားအံ    ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် Covid- 19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများကို ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်၍ ကြိုတင်ကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များက အသီးသီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကာကွယ်ဆေးထိုးနှံရမည့် လူဦးရေစာရင်းရရှိရေးအတွက် စာရင်းများကောက်ယူရာတွင် အမည်၊ အဖအမည်၊ မွေးသက္ကရာဇ်၊ ပြည့်ပြီးအသက်၊ ကျား/မ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်၊ မှတ်ချက်များ ပါဝင်ပြီး ဝန်ထမ်းများဖြစ်ပါက ဝန်ထမ်းဌာနအမည် ဖော်ပြရမှာဖြစ်ကြောင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကောက်ခံမှုများနဲ့ ပတ်သက်ပြီး“ကိုဗစ်ရောဂါကာကွယ်ဆေးထိုးဖို့ ရပ်ကွက်အတွင်း လူဦး‌‌‌ရေစာရင်း ကောက်ယူရတဲ့အခါမှာ သတ်မှတ်စည်းကမ်းချက်တွေနဲ့ အချိန်ကာလအကန့်အသတ်အတွင်း ကောက်ယူရတဲ့အတွက်  အခက်အခဲက ကျွန်တော်တို့မှာ  ရပ်ကွက်ရုံးကို အချိန်မှီစာရင်းတွေ ပေးပို့နိုင်ဖို့ရယ် ရပ်ကွက်ပြည်သူတွေရဲ့ အကြောင်းအမျိုးမျိုးကြောင့် အခြေအနေအရ အခက်အခဲလေးတွေ ရှိတာမို့ အဆင်ပြေအောင် လုပ်ဆောင်ပေးခဲ့ရပါတယ်” ဟု ဘားအံမြို့၊အမှတ်(၄)ရပ်ကွက် ရာအိမ်မှူး ဦးမောင်မောင်ငြိမ်းကပြောကြားသည်။

ထို့သို့ စာရင်းကောက်ယူရာတွင်  ရပ်ကွက်/ကျေးရွာ ဆယ်အိမ်မှူးရာအိမ်မှူးများက မိမိတို့နယ်မြေအတွင်း လူဦးရေ မကျန်ရှိစေရေးအတွက် စနစ်တကျကောက်ယူ ပေးလျက်ရှိကြောင်း သိရှိရသည်။

နေမျိုးလွင်(ပြန်/ဆက်)