မအူပင် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းစဉ် သင်တန်းဆွေးနွေးပို့ချခြင်းကို ယမန်နေ့နေ့လည် ၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
အဆိုပါ လုပ်ငန်းစဉ်သင်တန်းတွင် မအူပင်မြို့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ရပ်မိ၊ ရပ်ဖများ တက်ရောက်ခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းဆန်းက မြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆)အုပ်စု၊ စုစုပေါင်း (၈၈)အုပ်စုရှိပြီး ကျေးရွာခွဲပေါင်း (၄၄၂)ရွာရှိသဖြင့် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ရာတွင် ပွင့်လင်းထင်သာမှုရှိစေရန်အတွက် ဌာနဆိုင်ရာများအား တာဝန်ခွဲဝေ ပေးထားပြီး ရပ်ကွက်နှင့် ကျေးရွာ တာဝန်ခံ(ကြီးကြပ်ရေးမှူး)များ အရင်ရွေးချယ်ကာ သက်ဆိုင်ရာ ပြည်သူများက ရွေးချယ်တင်မြှောက်မှုအပေါ်စနစ်တကျ ပွင့်လင်းမြင်သာမှု သမာသမတ်ကျအောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးကာ သတ်မှတ်လုပ်ငန်းစဉ်များအား တာဝန်ရှိ သူများက သင်တန်းပို့ချခဲ့ကြောင်းသိရသည်။
အောင်ခိုင်