မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၆၁)ဦး စံချိန်တင် ထပ်တိုးတွေ့ရှိပြီး ကိုဗစ်လူနာ(၁)ဦး ထပ်မံသေဆုံးခဲ့၍ အတည်ပြုလူနာပေါင်းက (၃၂၉၉)ဦးနှင့် သေဆုံးသူပေါင်းက (၁၃)ဦး အထိရှိလာ

မကွေး ဇန်နဝါရီ    ၂၇

မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၂၆ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၆၁)ဦး ထပ်တိုးတွေ့ ရှိခဲ့ပြီး သေဆုံးသူ(၁)ဦးရှိခဲ့၍ တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၂၉၉)ဦးနှင့် သေဆုံးသူက (၁၃)ဦး အထိရှိလာကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ဒီနေ့တွေ့ရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုအရ ပိုးတွေ့ အတည်ပြုလူနာသစ်(၆၁)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြုလူနာတွေက မကွေး က(၃၉)ဦး၊ ချောက်က(၁၀)ဦး၊ရေနံချောင်း(၃)ဦး၊မင်းဘူးနဲ့ အောင်လံက(၂)ဦးစီ၊ နတ်မောက်၊ ဆိပ်ဖြူ၊ ပွင့်ဖြူ၊ပခုက္ကူနဲ့ သရက်က(၁)ဦးစီတို့ဖြစ်ပါတယ်၊ ပိုးတွေ့အတည်ပြုလူနာတွေထဲက မကွေး(၃၄)ဦး၊ ချောက်က(၅)ဦး၊ရေနံချောင်း(၂)ဦးနဲ့ မင်းဘူး(၁)ဦး တို့က ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေမှုရှိသူ တွေပါ၊ နောက်ထပ် မကွေး(၄)ဦး၊အောင်လံ(၂)ဦး၊ ချောက်(၅)ဦး၊ ရေနံချောင်း(၁)ဦး၊ ဆိပ်ဖြူ(၁)ဦးနဲ့ ပွင့်ဖြူ(၁)ဦးတို့က အနံ့ပျောက်လက္ခဏာပြလူနာတွေ ဖြစ်ပါတယ်၊ မင်းဘူး(၁)ဦးက ဖျားခြင်းလက္ခဏာပြ လူနာနဲ့ မကွေး(၁)ဦး၊ချောက်(၁)ဦးနဲ့ နတ်မောက်(၁)ဦးက ယာဉ်မောင်းတွေဖြစ်ပြီး၊ ကျန်တဲ့သူ တွေက ရန်ကုန်ပြန် (Quarantine Centre) တွေက ဖြစ်ပါတယ်၊ ဒီနေ့မှာ သေဆုံးလူနာ(၁)ဦး ရှိခဲ့တယ်၊ လူနာက နတ်မောက်မြို့နယ်မှာ နေထိုင်တဲ့ အသက်(၂၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးပါ၊ သင်ကြားရေးဆေးရုံ ကြီး(မကွေး)မှာ တက်ရောက် ကုသမှုခံယူနေစဉ် ကိုဗစ်ရောဂါပိုးတွေ့ရတယ်၊ သွေးကင်ဆာရောဂါ၊ အဆုပ်ရောင်ရောဂါ အခံတွေနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်းက(၃၂၉၉)ဦး ရှိလာပြီး သေဆုံးသူကတော့(၁၃)ဦးအထိ ရှိခဲ့ပြီ ဖြစ်တယ်လို့ တိုင်းဒေ သကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း တစ်ရက်တည်း ကိုဗစ်လူနာ(၆၁)ဦး စံချိန်တင် တွေ့ရှိခဲ့ပြီး ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P contact)များမှ ပိုးတွေ့လူနာများ နေ့စဉ်ထပ်တိုး တွေ့ရှိလာသည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိပြု ဆင်ခြင်ပြုမှု နေထိုင်ကြဖို့၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းမှုများ လုပ်ဆောင် လျက်ရှိ ကြောင်း  သိရသည်။

သန်းနိုင်ဦး(ငဖဲ)