ရွှေဘိုမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ရွှေဘို ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမနှင့် သီးသန့် လူနာဆောင် တို့တွင် လည်းကောင်း ယနေ့ နံနက်(၁၀)နာရီမှစတင်၍ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည် ။

ထိုသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ခင်သန်းဌေးမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ အား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း(၁၉၄)ဦး၊ တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး ဝန်ထမ်း(၂၁) ဦး၊  အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၁၉)ဦး၊  သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ယာယီဆေးရုံ)မှ ကျန်းမာရေး ဝန်ထမ်း(၁၅)ဦး စုစုပေါင်း(၂၄၉)ဦးတို့အား (၂)ရက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ရွှေဘိုပြည်သူ့ဆေးရုံ အတွင်းရှိ အစည်းအဝေးခန်းမ၊ သီးသန့် လူနာဆောင်(ICU 1)တို့တွင် ရွှေဘိုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေးလျက်ရှိရာ ရွှေဘိုပြည်သူ့ဆေးရုံနှင့် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်း၊ ဆင်အင်း၊ ဆိပ်ခွန်တိုက်နယ် ဆေးရုံတို့မှ ကျန်းမာရေး ဝန်ထမ်း(၄၃၄)ဦးတို့အား (၄)ရက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ အားကစားဝန်ကြီးဌာနနှင့် တိုင်းရင်းဆေးဌာနမှ ဝန်ထမ်း များအတွက် အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIEND)အလုံးရေ (၇၃)လုံး ရရှိပြီး တစ်လုံးလျှင် လူ(၁၀)ဦးထိုးနှံနိုင်ကြောင်းလည်း သိရသည် ။

ထွန်းမြင့်အောင်(ရွှေဘို)