လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ

လှိုင်းဘွဲ       ဇန်နဝါရီ ၂၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းတွင် ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြု ဆရာ/မများနှင့် ကျန်းမာရေး ဝန်ထမ်းများ အားလုံးပါဝင်ကြောင်းနှင့် ကျန်းမာရေး ဝန်ထမ်း လူဦးရေပေါ်မူတည်၍ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွန်ကြားချက်များနှင့်အညီ ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဘေးကင်းစွာဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေးဆိုင်ရာ အကြောင်းအရာများ၊ ကာကွယ်ဆေးသိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ ဆေးထိုးစုရပ်များ စနစ်တကျစီစဉ်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးမထိုးသင့်သူများနှင့် ကာကွယ်ထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်း အကြောင်းအရာများကို ကျန်းမာရေး ဝန်ထမ်းများအား Online မှတစ်ဆင့် သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)