ကျိုက်မရော ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆရာဝန်၊ ဆရာမများ သူနာပြုများနှင့် ဝန်ထမ်း အားလုံးပါဝင်ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းလူဦးရေ ပေါ်မူတည်၍ အချိန်အပိုင်းအခြားအလိုက် မနက်ပိုင်းနှင့် ညနေပိုင်းခွဲ၍ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း(၁၈၄)ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ လူဦးရေ စာရင်းကောက်ယူ ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော် ထံမှ သိရသည်။
ချိုချို(ပြန်/ဆက်)