ကျောက်ထုမြို့ဒေသတွင် ကုလားပဲ စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်

ကျောက်ထု ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်  ကျောက်ထုမြို့ဒေသရှိ လယ်ယာမြေများတွင် ရေဆင်း(၆) ကုလားပဲမျိုးအား စိုက်ပျိုးလျှက်ရှိရာ အောင်မြင်ဖြစ်ထွန်းကြောင်း စိုက်ပျိုးရေး ဌာနမှ သိရပါသည်။

ကျောက်ထုမြို့ဒေသရှိ လယ်ယာမြေအများစုမှာ မြေစေး၊ မြေမမျိုးများဖြစ်၍ ကုလားပဲ စိုက်ပျိုးရာတွင် ဖြစ်ထွန်း ကြောင်းနှင့် ကုလားပဲစိုက်ပျိုးရာတွင်  တစ်ဧကလျင် မျိုးစေတစ်တင်းခန့် ထည့်သွင်း စိုက်ပျိုးရပြီး အထွက်နှုန်း သည် တစ်ဧကလျင် တင်းနှစ်ဆယ်ဝန်းကျင် ထွက်ရှိကြောင်းနှင့် ယခုနှစ်တွင်၁၃၈၈ဧက စိုက်ပျိုး ကြောင်း ကျောက်ထုမြို့  စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မြင့်၏ ပြောကြားချက်အရ သိရသည်။

ကျောက်ထုဒေသရှိ ကုလားပဲ စိုက်တောင်သူများအနေဖြင့် ထွက်ရှိလာသော ကုလားပဲ ထွက်ကုန်များအား ဒေသတွင်း ဖြန့်ဝေရောင်းချကြသည့်အပြင် ပခုက္ကူမြို့နှင့် မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ကုလားပဲထွက်ရှိချိန်၌ “မနှစ်ကတော့ ဒေသပေါက်ဈေးအရ တစ်တင်း ၃၅၀၀၀/ကျပ် (သုံးသောင်းခွဲကျပ်) ခန့် ရရှိပါတယ်”ဟုမြောက်မကျင်းကျေးရွာရှိ ကုလားပဲ စိုက်တောင်သူ ဦးကျော်နိုင်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

မောဟေမာန်(ပြန်/ဆက်)