ဘုတလင် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ငါးကျမ်းတိုက်၊ အေးရိပ်မြိုင်ကျောင်းတိုက် ဆရာ တော်ကြီး ဦးလာသန(မန္တလေး)က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးအတွက် လူနာတင်ယာဉ် အသုံးပြုရန် Super Custom တစ်စီးကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန်က ပြည်သူ့ဆေးရုံကြီးတွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် ဆရာတော်ကြီး ဦးလာသန(မန္တလေး)ကိုယ်စား လက်ထောက်ဆရာ တော်များ ဖြစ်သည့် ဦးစာရိန္ဒနှင့် ဦးမဟိန္ဒတို့က လူနာတင်ယာဉ် Super Custom နှင့် ယာဉ်မှတ်ပုံတင်စာအုပ် များကို လွှဲပြောင်းလှူဒါန်းရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင်တို့က လက်ခံ ရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဘုတလင်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် လူနာတင်ယာဉ်တစ်စီးသာ ရှိခဲ့ရာ ယခုလှူဒါန်းရရှိသည့် ယာဉ်အပါအဝင် လူနာတင်ယာဉ် နှစ်စီး ရှိလာသည့်အတွက် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော် အောင်က ပြောကြားခဲ့သည်။
နှင်းယုအေး