ကျော့ကွင်းမိဒဏ်ရာရ တောရိုင်းဆင်တစ်ကောင် သေဆုံးမှုဖြစ်ပွား

ဘုတ်ပြင်း ဒီဇင်ဘာ ၂၆
 
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာအုပ်စု ရေငံကြီး ကျေးရွာနှင့်တောင်ပေါ်ကျဆိပ် ကမ်းအကြားရှိ ဆင်ခေါ်ချောင်းအနီး UTM 11998/15, MN-794623 နေရာ တွင် ရေဒီယိုကော်လံတပ်ဆင်ထားသည့် အသက်(၂၀)နှစ်ခန့်ရှိ တောဆင်ရိုင်း ဟိုင်း(ထီး) ဆင်တစ်ကောင်၏ ရှေ့ဘယ်ဘက်လက်တွင် ကျော့ကွင်းမိ၍ အသားအတွင်း ကြိုးနှစ်ဝင်လျက် ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် နှေးကွေးစွာသွားလာလှုပ်ရှားနေကြောင်း သတင်းအရ ဆင်ဆရာဝန်ဖြင့် ဆေးကုသမှုပေးနိုင်ရန် ကော့သောင်းခရိုင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ လန်ပိ အမျိုးသားအဏ္ဏဝါဥယျာဉ် အုပ်ချုပ်ရေးမှူး၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မေ့ဆေးဆရာဝန်နှင့် ခွဲစိတ်ဆရာဝန် တို့ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒဏ်ရာရ တောဆင်ရိုင်းအား ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် လိုက်လံရှာဖွေရာ (၀၉:၂၀)နာရီ အချိန်ခန့်တွင် ခန့်မှန်း မြေပုံညွှန်း MN -791621 ၌ တောဆင်ရိုင်း အားတွေ့ရှိ၍ မေ့ဆေးသေနတ်ဖြင့် မေးဆေးပေးခြင်း၊ ဒဏ်ရာအား ခွဲစိတ်ဆေးထည့်ခြင်း၊ အနာကျက်ဆေး၊ အရောင်လျော့ဆေး၊ သန်ချဆေး၊ အားဆေးများ ထိုးခြင်း စသည့် ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြသော်လည်း အဆိုပါဆင်မှာ (၁၁:၃၀)နာရီ အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဆင်ဆရာဝန်၏ ပြောကြားချက်အရ ဆင်၏ဒဏ်ရာမှာ (၃)လခန့် အချိန်ကြာမြင့်ခဲ့ပြီး ဖြစ်ခြင်း၊ အားနည်းနေခြင်းနှင့် မေ့ဆေးဒဏ်မ ခံနိုင်ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ အဆိုပါ သေဆုံးသည့် ဆင်အား မြေမြုပ်သင်္ဂြိုလ်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် သစ်တော ဦးစီးဌာနမှ သိရှိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)