ဖရူဆိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု သင်တန်း ဖွင့်လှစ်

ဖရူဆို ဇန်နဝါရီ ၂၆      

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း  အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့မကျေးရွာအုပ်စု ဆိုလျား ကူးကျေးရွာ ဖွင့်လှစ်သည်။

သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဇင်သန့်က ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာ စေရန် သင်တန်းဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းမှရရှိသော ပညာရပ်များကို မိမိတို့ ရပ်ရွာတွင် အကျိုးရှိစွာ ပြန်လည်အသုံးချ စေလိုကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ ဆရာများမှ သင်တန်းတွင် သင်ကြားပေးမည့် လူသုံးကုန်ပစ္စည်းများ အကြောင်းကို မိတ်ဆက်ရှင်းလင်းခဲ့သည်။

အဆိုပါ သင်တန်းတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ဖြစ်သော ဘက်စုံသုံး ဆပ်ပြာရည်၊ Hand Gel ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာခဲ၊ ပန်းကန်ဆေး ဆပ်ပြာ၊ လက်ဆေးဆပ်ပြာခဲ၊ ဆပ်ပြာခရင်၊ အထည်မွှေးရည်၊ မှန်ကြည် ဆေးနှင့် ဆေးဆပ်ပြာခဲ ပြုလုပ်နည်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဇန်နဝါရီလ ၂၆ ရက်နေ့မှ ဖေဖော်ဝါရီရက်နေ့အထိ (၁၀)ရက် ကြာ သင်ကြားပို့ချပေးသွား မည်ဖြစ်ရာ မြို့မကျေးရွာအုပ်စုအတွင်းရှိ  ဒေသခံပြည်သူ (၂၅) ဦး တက်ရောက် ကြကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)