ကျိုက်လတ် ဇန်နဝါရီ ၂၆
ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ၊ နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေး အတွက် ၎င်းကြီးကြပ်ရေးတာဝန်ကို ထမ်းဆောင်ရန်ဆန္ဒရှိသော အများကြည်ညို လေးစားသည့် ရပ်မိရပ်ဖ(၅)ဦးအား ရွေးချယ်ရမည်ဖြစ်ပါ သည်။
ထိုသို့ရွေးချယ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး က ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက် (၆)ခုနှင့် ကျေးရွာအုပ်စု(၈၇)အုပ်စုတို့တွင် ရပ်မိရပ်ဖ(၅)ဦးစီအား (၂၁-၁-၂၀၂၁) မှ (၅-၂-၂၀၂၁) ရက်နေ့အတွင်း အပြီးသတ်ရွေးချယ်သွားနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ပူးပေါင်းပါဝင်ရန် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ မြို့မရဲစခန်းမှ ဒုရဲမှူးမြင့်ထွန်း ခေါင်းဆောင်သည့် အဖွဲ့သည် ယမန်နေ့ နံနက်(၁၀)နာရီက ကိုင်းချောင်း ကျေးရွာသို့ သွားရောက်၍ အဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်က ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး ကြီးကြပ်ရေးမှူး (၅)ဦးကိုလည်းကောင်း ၊ယနေ့ နံနက်(၁၀)နာရီ တွင် မဲဇလီကုန်းကျေးရွာသို့ သွားရောက်၍ ကြီးကြပ်ရေးမှူး(၅)ဦးကို လည်းကောင်း ရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)