အင်္ဂပူမြို့နယ်အတွင်းရှိ‌ ကျေးရွာများ၌ ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး

အင်္ဂပူ  ဇန်နဝါရီ  ၂၆

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက် ခဲ့သော လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရံပုံငွေဖြင့်‌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ထားမှုနှင့် စာရင်းဇယားများ ထားရှိမှုများကို မြို့နယ်စာရင်းစစ် ဦးစီးမှူး ဒေါ်ချိုချိုမာနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၇နာရီခွဲအချိန်က လူထုဗဟိုပြု စီမံကိန်း‌ကျေးရွာများသို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာ လူထုဗဟိုပြု စီမံကိန်းအဖွဲ့ခေါင်းဆောင် ဦးဝင်းနိုင်နှင့် တာဝန်ခံဝန်ထမ်းများ၊ တိုင်း‌ဒေသကြီးနှင့် မြို့နယ်မှ အဆောက်အဦးဆိုင်ရာ တာဝန်ခံများ၊ ကျေးရွာ ကော်မတီဝင်များမှ လုပ်ငန်းလိုက်ပါ ရှင်းလင်းဖြေကြားခဲ့ကြသည်။

အင်္ဂပူမြို့နယ်တွင် ကျေးရွာအုပ်စု(၇၁)အုပ်စု၊ ကျေးရွာပေါင်း (၆၄၄)ရွာရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဏာနှစ်တွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းခွဲပေါင်း (၃၈၄)ခုအား‌ စီစစ်ရွေးချယ် စစ်ဆေးသွားမည်ဖြစ်ပြီး လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ စစ်ဆေးရာတွင် (Estimate)ပါအတိုင်း ဆောင်ရွက်ထားရှိခြင်း ရှိ၊ မရှိ တိုင်းတာ စစ်ဆေးခြင်း၊ လုပ်ငန်းသုံးစရိတ်၊ အထွေထွအသုံးစရိတ်များ ထုတ်ယူသုံးစွဲမှုများအား စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/‌ဆက်)